Thursday, July 12, 2012

debate about Myanmar educational change


အခြေခံပညာကဏ္ဍ၌ ပညာရေး ဖွဲ့စည်းတည်ဆောက်ပုံစနစ်များကို နိုင်ငံတကာအဆင့်မီစေရေးအတွက် ရည်ရွယ်ကာ ပညာသင်နှစ်များကိုတိုးချဲ့ရန် ဆွေးနွေးကြခြင်းများဖြစ်ကြောင်း၊ အဆိုပါအခြေခံပညာကဏ္ဍပညာရေး ဆွေးနွေးပွဲများသို့ တက်ရောက်ဆွေး နွေးခဲ့သူတစ်ဦး၏ ပြောပြချက်များအရ သိရှိရပါသည်။ ယင်းကဲ့သို့ အခြေခံပညာကဏ္ဍ အနာဂတ် မြန်မာနိုင်ငံ ပညာရေးဆွေး နွေးမှုများကို ရန်ကုန်နှင့် နေပြည်တော်မြို့များတွင် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပညာရေးဆိုင်ရာ နယ်ပယ်အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပညာရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် လူမှုရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးနေကြခြင်းဖြစ်ပြီး မူလပညာရေး ဖွဲ့စည်းတည်ဆောက်ပုံဖြစ်သည့် အခြေခံပညာကို သူငယ်တန်း အပါအ၀င် မူလတန်း လေးနှစ်၊ အလယ်တန်းလေးနှစ်နှင့် အထက်တန်းနှစ်နှစ် စုစုပေါင်းအခြေခံ ပညာကဏ္ဍ စာသင်နှစ် ၁၁ နှစ်မှ သူငယ်တန်းမပါ မူလတန်း ခြောက်နှစ်၊ အလယ်တန်းသုံးနှစ်နှင့် အထက်တန်း သုံးနှစ် စုစုပေါင်း အခြေခံပညာကို ၁၃ နှစ်သို့ ပြင်ဆင်ဖွဲ့စည်းရန်လည်း ထည့်သွင်းဆွေးနွေးလျက်ရှိကြောင်း သိရှိရပါသည်။

''အခြေခံပညာကဏ္ဍမှာ ပညာသင်နှစ်တွေ ထပ်တိုးဖို့ အစီအစဉ်တွေက လက်ရှိအခြေအနေမှာတော့ ထည့်သွင်း ဆွေးနွေးနေကြဆဲ အဆင့်မှာပဲ ရှိနေပါသေးတယ်''ဟု နေပြည်တော်ရှိ ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။


''အခြေခံပညာကဏ္ဍမှာ လက်ရှိကျင့်သုံးနေတဲ့ စနစ်ဖြစ်တဲ့ သူငယ်တန်း အပါ(၅း၎း၂)အစား သူငယ်တန်းမပါ (၆း၃း၃)ကို ပြောင်းလဲပြင်ဆင် ဖွဲ့စည်းဖို့အတွက် ဆွေးနွေးနေပါတယ်။ ဒါကလည်း နိုင်ငံတကာအဆင့်မီဖို့ အတွက်လို့ သိရပါတယ်။ မြန်မာကလေးတွေ အနေနဲ့ အသက် ငါးနှစ်အရွယ်မှာ သူငယ်တန်းစ၀င်ပြီး တစ်နှစ်တစ်တန်း ပုံမှန်အောင်မယ်ဆိုရင်ပဲ အသက် ၁၄ နှစ်လောက်မှာ န၀မတန်းရောက်မယ်။ ၁၅ နှစ် ၁၆ နှစ်လောက်မှာ တက္ကသိုလ် ၀င်တန်းဖြေမယ်။ နိုင်ငံတကာပညာ ရေးမှာကျတော့ အသက် ၁၂၊ ၁၃၊ ၁၄ နှစ်လောက်မှာ အလယ်တန်းပညာရေး အဆင့်ဖြစ်ပြီးတော့ စာပေပညာအခြေခံ တွေအပြင် လူမှုဆက်ဆံရေးနဲ့ကာယ ဖွံ့ဖြိုးတိုးတက်ရေးတွေကိုဖြည့်ဆည်း ပေးတဲ့အတန်းအဆင့်ဖြစ်နေပါတယ်။ ဒီတော့ နိုင်ငံတကာကအလယ်တန်း အဆင့် သင်ယူနေရတဲ့အသက်အရွယ် လောက်မှာ မြန်မာနိုင်ငံက ကလေးတွေ က တက္ကသိုလ် ၀င်တန်းဖြေဆိုဖို့ တစ်ခုတည်းကိုပဲ အာရုံစူးစိုက်နေကြရလေတော့ မြန်မာကလေးအများစုက နိုင်ငံတကာနဲ့ယှဉ်ရင် ကာယဖွံ့ဖြိုးမှုတွေ နောက်ကျနေတာကို တွေ့ရှိနေရပါတယ်။ ဒါ ကြောင့်စာသင်နှစ်တွေကို တိုးချဲ့လိုက်ပြီး ကာယဖွံ့ဖြိုးမှု၊ လူမှုဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် အချိန်ယူလေ့ကျင့် ပြုစုသင်ကြားပေးနိုင်အောင် စာသင်နှစ်တွေ တိုးချဲ့သွားဖို့ ဆွေးနွေး ညှိနှိုင်းနေကြဆဲ ဖြစ်ပါတယ်''ဟု အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ အခြေခံပညာအသိုင်းအ၀ိုင်းမှ အငြိမ်းစားကျောင်းအုပ်ဆရာကြီးတစ်ဦးက ပြောပြသည်။

သို့ရာတွင် ယင်းကဲ့သို့ အများနှင့် သက်ဆိုင်ပြီး အများအပေါ် အကျိုးသက်ရောက်မှုဖြစ်စေသည့် ကဏ္ဍများကို ပြုပြင်ပြောင်းလဲရန် စီစဉ်ဆောင်ရွက်ရန် ဆွေးနွေးကြရာတွင်လည်း ပြည်သူလူထုအား ချပြအသိပေးသင့်ပြီး ပြည်သူ့ဆန္ဒခံယူသင့်ကြောင်း ပြည် သူအများကလည်း ရှုမြင်သုံးသပ်ခဲ့ကြပါသည်။

''တကယ်တော့ ပညာရေးကို နိုင်ငံတကာအဆင့်မီ တိုးတက်အောင် လုပ်ဆောင်ဖို့အတွက်ဆိုရင် ပညာသင်နှစ်တွေ တိုးချဲ့ဖို့ ဆွေးနွေးနေတာထက် လက်ရှိ ပညာရေးဖြစ်စဉ်တွေကိုသာ တိုးတက်အောင် လုပ်ဆောင်ဖို့ ဆွေးနွေးဖို့ လိုအပ်ပါတယ်။ လက်ရှိ မြန်မာ့ပညာရေးစနစ်မှာက မြို့ပြနဲ့ ကျေးလက်တောင် မတူပါဘူး။ ပြီးတော့ ကျောင်းသားနဲ့ဆရာ အချိုး၊ သင်ရိုးညွှန်းတမ်း၊ ကျောင်းပြင်ပရောက်ကလေးသူငယ်နဲ့ ပညာဆက်လက် သင်ယူနိုင်မယ့် အခွင့်အရေး စတာတွေကို ကိုင်တွယ်ဖြေရှင်းဖို့၊ ပညာရေးမှာ သင်ကြားပေးမယ့် ဆရာ၊ ဆရာမတွေရဲ့ အရည်အသွေး ကိုတိုးမြှင့်ပေးဖို့တွေက အဓိကလိုအပ်နေတာ ဖြစ်ပါတယ်။ ဒါတွေကိုမှ မဖြေရှင်းနိုင်သေးဘဲ ပညာသင်နှစ်တွေကိုပဲ တိုးချဲ့သွားမယ်ဆိုရင်တော့ မြန်မာ့ပညာရေးဟာ အလှမ်းကျယ်ပြီး အလယ်လပ်နေသလို ကစဥ့်ကလျားနဲ့ အကျိုးမရှိဘဲ ဖြစ်နေပါလိမ့်မယ်''ဟု ၎င်းက ဆက် လက်ပြောပြခဲ့ပါသည်။


No comments:

Post a Comment