Thursday, August 2, 2012

စုံစမ်းရေး ကော်မရှင်ဖွဲ့စည်းရန် မသင့်ဦးအောင်သိန်းလင်း



နေပြည်တော်၊ သြဂုတ် ၂

ယမန်နေ့က ပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေး ၁၉ ရက်မြောက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က အလုပ်သမား ဆန္ဒပြမှုများနှင့် ပတ်သက်၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို မထိခိုက်စေဘဲ အရင်းခံ အကြောင်းအရာများကို အဖြေရှာရန် အတွက် အများကြည်ညို လေးစားသည့် ပုဂ္ဂိုလ်များ ပါဝင်သော စုံစမ်းရေး ကော်မရှင် တစ်ရပ် ဖွဲ့စည်းပေးရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်း ခဲ့သည်။

ဦးသိန်းညွှန့် တင်သွင်းခဲ့သော အဆိုကို မကွေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်းနှင့် အလုံ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်တို့က ရေရှည်တွင် အလုပ်ရှင် နှင့် အလုပ်သမားကြားတွင် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသော ပြဿနာများကို ဖြေရှင်း ပေးနိုင်ရန် အတွက် ကော်မရှင် တစ်ရပ် ဖွဲ့စည်း ပေးရန် ထောက်ခံ ဆွေးနွေးသော်လည်း တောင်ဥက္ကလာပ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက အလုပ်သမား ဥပဒေသစ်များ အကောင်အထည် ဖော်ဆောင်ရွက်နေခြင်းဖြစ်သဖြင့် စုံစမ်းရေး ကော်မရှင်ဖွဲ့စည်းရန် မသင့်ပါကြောင်း ကန့်ကွက်ဆွေးနွေးခဲ့သည်။

ဦးသိန်းညွန့်၏ အဆိုနှင့် ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ သဘောထားကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မေးမြန်းခဲ့ရာ "နိုင်ငံတစ်ဝန်းလုံးတွင် အလုပ်သမား အဖွဲ့အစည်း များအား လွတ်လပ်စွာ ဖွဲ့စည်းခွင့် ဆန္ဒ ထုတ်ဖော်ခွင့် ပေးထားကြောင်း၊ အလုပ်ရှင်နှင့် အလုပ်သမား အငြင်းပွားမှုများကို အလုပ်သမားကိုယ်စားလှယ်များ အလုပ်ရှင်ကိုယ်စားလှယ်များ အရည်အတွက် တူညီစွာပါဝင်၍ ဆုံးဖြတ်ပေးရသည့် အခြေအနေမျိုးကို ဖန်တီးပေးထားကြောင်း ကမ္ဘာပေါ်တွင် ဥပဒေသစ်တစ်ရပ် စတင်အကောင်အထည်ဖော်ဆောင်ရွက်ချိန် ၌ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းခြင်းအား မည်သည့်နိုင်ငံမျှ ကျင့်သုံးခဲ့ခြင်း မရှိကြောင်းကို အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းကြီးတစ်ခု၏ နည်းပညာဆိုင်ရာ အကြံပေးအရာရှိချုပ်က မိမိထံ ပေးပို့ထားသည့် စာတစ်စောင်၌ ထည့်သွင်းရေးသား ဖော်ပြထားပါကြောင်း ကော်မရှင်ဖွဲ့စည်းခြင်းသည် တစ်ဖက်နှင့် တစ်ဖက် ယုံကြည်စိတ်ချရမှု မျိုးစေ့ကို တူးဖော်ပစ်ရန်အားထုတ် သကဲ့သို့ ဖြစ်ပွားသဖြင့် အလွန် အန္တရာယ်ကြီးပါကြောင်း ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။"

အဆိုရှင်ဦးသိန်းညွန့်၏ သဘော ထားကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက မေးမြန်းရာတွင် ဦးသိန်းညွန့်က ''အလုပ်သမား ဆိုင်ရာဥပဒေ ၁၆ခု ရှိပါတယ်။ အဲဒီအထဲမှာ အချို့ဥပဒေ တွေဆိုရင် ၁၉၂၃ခုနှစ် အလုပ်သမား လျော်ကြေး ဥပဒေမျိုးတွေ လည်း ရှိ နေပါသေးတယ်။ ဒါကြောင့် ဒီဥပဒေ တွေက ခေတ်မီရဲ့ လား၊ အလုပ်ဖြစ်ရဲ့ လား၊ အလုပ်သမားအားလုံးကို လွှမ်း ခြုံနိုင်ရဲ့လားဆိုတာကို စဉ်းစားဖို့ လို ပါတယ်။ အခု လက်ရှိ အလုပ်သမား ဥပဒေနှစ်ခု ထွက်ရှိတဲ့ အတွက် ကျေး ဇူးတင် ပါတယ်။ အချိန်ပေးဖို့လိုတယ် ဆိုတာ လည်း သိပါတယ်။ စုံစမ်းရေး ကော်မရှင်ကို ဘယ်နိုင်ငံမှာမှ မရှိဘူး ဆိုတဲ့ အခြားနိုင်ငံက ကျွမ်းကျင်သူ တွေရဲ့ သုံးသပ်ချက် တစ်ခုတည်းနဲ့ ကျွန်တော် တို့နိုင်ငံ ရေးအနေအ ထား ကို မဆုံးဖြတ် သင့်ပါဘူး။ ကျွန်တော် တို့နိုင်ငံရေးကို ကျွန်တော်တို့ အတွေး အမြင်နဲ့ လုပ်ဖို့ လိုအပ်ပါတယ်။ဥပဒေ ရှိတာနဲ့ ကျင့်သုံးတာနဲ့တင် နောင် အလုပ်သမား အရေးအခင်း မပေါ် ပေါက်နိုင်ဘူးလို့ ဘယ်သူမှ အာမ မခံနိုင် ပါဘူး။ တိုင်းပြည်ရေး ကို ရိုးရိုး သားသား နဲ့ အဖြေရှာဖို့ ဒီလွှတ်တော် ကို တင်ပြရခြင်း ဖြစ်ပါတယ်။ အလုပ် သမားစုံစမ်းရေးကော်မရှင်တစ်ရပ် ကို ဖွဲ့စည်းဖို့အတွက် ကျွန်တော့်အနေ နဲ့ လေးလေး နက်နက် တင်ပြအပ်ပါ တယ်။ ဒါကြောင့် လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ရယူပါ တယ်''ဟု ပြောကြား ခဲ့သည်။

ဦးသိန်းညွန့်၏ အဆိုကို မဲခွဲ ဆုံးဖြတ်ခဲ့ရာ မဲပေးပိုင်ခွင့်ရှိသူ ၃၆၉ ဦးတွင် ကန့်ကွက်မဲ ၂၈၈ မဲ၊ ထောက်ခံမဲ ၄၃ မဲနှင့် ကြားနေမဲ ၁၇ မဲ ရရှိခဲ့သဖြင့် ဦးသိန်းညွန့်၏ အဆိုရှုံးနိမ့်ခဲ့ရသည်။လွှတ်တော် ကိုယ်စားလှယ် ဦးရေ ၄၄၀ ဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ် ဦးရေ ၁၁၀၊ ရွေးချယ်တင်မြှောက်ခံ ကိုယ်စားလှယ်ဦးရေ ၃၃၀ တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် ဦးရေ ၂၀၀ ကျော်နှင့်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၃၇ နေရာ၊ အခြားသော နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသား ပါတီများ ပေါင်းလျှင် ကိုယ်စားလှယ် ၇၀ ခန့်သာ ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်မှာ တရားရုံးများ မထီမဲ့မြင် ပြုမှုဥပဒေ၊ အသရေ ဖျက်မှု ဥပဒေများကို ပြင်ဆင်ရန် အဆိုတင်သွင်းခဲ့သူဖြစ်ပြီး အစိုးရ၏ တရားစွဲဆိုခြင်း ခံထားရသော ပြည်တွင်းထုတ် သတင်းဂျာနယ်များတွင် အကျိုးဆောင်ရှေ့နေအဖြစ် ဆောင်ရွက်နေသူဖြစ်သည်။

THE VOICE

No comments:

Post a Comment