Monday, August 6, 2012

The highest price to pay for land in (Myanmar) Burma

မြန်မာနိုင်ငံ၏ အိမ်၊ ခြံ၊ မြေဈေးနှုန်းမှာ အာရှတိုက်တွင် ဈေးနှုန်း အမြင့်ဆုံးဖြစ်နေသောကြောင့် စက်မှုဇုန်မြေဈေးနှုန်းများအား ကားဈေးကွက်ကဲ့သို့ ဈေးနှုန်းလျော့ကျသွားအောင် ပြုလုပ်မည်ဟု ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြော ကြားခဲ့ခြင်းကြောင့် အမှန်တကယ် ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံသားလုပ်ငန်းရှင်များအပြင် နိုင်ငံခြားသား လုပ်ငန်းရှင်များပါ စောင့်မျော်နေကြကြောင်း၊ ထို့ပြင် သြဂုတ်လတွင် သက်တမ်း ကုန်ဆုံးတော့မည့် အခွန်စနစ်သစ်ကြောင့် မြေရောင်းဝယ်မှုများ ရပ်တန့်သွားကြောင်း အိမ်၊ ခြံ၊ မြေအကျိုးဆောင်လုပ်ငန်းများမှ သိရှိရပါသည်။

ထို့ပြင် သြဂုတ်လတွင် သက်တမ်းပြည့်မည့် ၁၅ ရာခိုင်နှုန်း အခွန်စနစ် ဆက်လက်ကျင့်သုံးခြင်း ရှိ မရှိ အပေါ်တွင်မူတည်ပြီး အိမ်ခြံမြေဈေးကွက်အပြောင်းအလဲ ထပ်မံဖြစ်ပေါ်လာနိုင်ကြောင်းလည်း အိမ်ခြံမြေ အကျိုးဆောင်များမှ သုံးသပ်ခဲ့ကြပြီး လတ်တလော ထွက်ပေါ်နေသည့်သတင်းများအရ အိမ်ခြံမြေအခွန်စနစ်သစ်မှာ သက်တမ်းတိုးဖွယ်မရှိကြောင်းလည်း သိရှိရသည်။

''အိမ်၊ ခြံ၊ မြေနဲ့ဆိုင်တဲ့ နိုင်ငံတကာပွဲတွေမှာ ကျွန်တော်တို့ သွားတက်ရင် လာရောက်ဆွေးနွေးတဲ့ သူအားလုံးရဲ့ မှတ်ချက်က မြေဈေးနှုန်း မြင့်လွန်းတယ် မှတ်ချက်ပေးကြတယ်။ သူတို့ရဲ့ မှတ်ချက်က နိုင်ငံတကာမှာ သတင်းဖြစ်သွားတော့ အမှန်တကယ် မြှုပ်နှံမယ့်သူတွေ လက်တွန့်သွားတယ်။ ဒီလိုလက်တွန့်သွားတော့ မြှုပ်နှံမယ့်သူတွေ ၀င်လာတာနည်းတယ်။ ဒီတော့ မြန်မာ့စီးပွားရေး ရင်းနှီးမြှုပ်နှံမှုက အမှန်တကယ် ယှဉ်ပြိုင်နိုင်တဲ့ လုပ်ငန်းရှင်တွေ မလာတော့ဘဲ ဖွံ့ဖြိုးမှု နောက်ကျလာ ပါတယ်၊ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အဓိကကျတဲ့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေကလည်း ဈေးနှုန်းတွေ ကျဆင်းမယ့်ကာလကို စောင့်မျှော်နေကြပါတယ်''ဟု မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ငွေဝင်လမ်းပြစရာမလိုဘဲ ရောင်းသူဝယ်သူနှစ်ဦးမှ ၁၅ ရာခိုင်နှုန်းသာ အခွန်ဆောင်ရသည့် အိမ်ခြံမြေ အခွန်စနစ်သစ်မှာ ၅ နှစ်တာ သက်တမ်းတွင် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း၏ ပြောကြားချက်အရ အခွန်စနစ်သစ် သက်တမ်းတိုးဖို့ မဖြစ်နိုင်တော့ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထို့ပြင် ပြည်တွင်းအခွန်များဦးစီးဋ္ဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မိုးကြည်ကလည်း အခွန်သက်တမ်းတိုး မတိုးအား တရားဝင် ထုတ်ပြန်မှသာ သိရှိရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အခွန်စနစ်သစ် သက်တမ်းတိုးမှု ရပ်ဆိုင်းလိုက်ပါက ငွေဝင်ရလမ်း ပြသရခြင်း၊ ပြည်တွင်းအခွန်များ ဦးစီးဋ္ဌာနသို့ ပေးဆောင်ရမည့် အခွန် ၂ဆ တိုးလာခြင်းစသည့် အချက်များကြောင့် အိမ်ခြံမြေအား ဈေးကစားရန် ၀ယ်ယူသူများအတွက် အခွန်စနစ် သစ်ကဲ့သို့ လွယ်ကူမှုမရှိနိုင်ကြောင်းလည်း သုံးသပ်မှုများ ရှိနေသည်။

''အခွန်စနစ်သစ်ကလည်း ဦးစိုးသိန်း ပြောစကားအရ သက်တမ်းတိုးဖို့ မဖြစ်နိုင်တော့ဘူး။ ပုံမှန်ဆိုရင်တော့ အခွန်စနစ်သစ် သက်တမ်းကုန်ခါနီးရင် အရောင်းအ၀ယ် ကောင်းလေ့ရှိတယ်။ ဒီနှစ်မှာတော့ ဦးစိုးသိန်း ပြောစကားကြောင့် အားလုံးက တကယ် ဈေးကျအောင် လုပ် မလုပ် စောင့်ကြည့်နေကြပါတယ်။ ဒီနှစ်ထဲဇုန်မြေကွက်တွေ အရောင်းအ၀ယ်ဖြစ်တာဆိုလို့ သီလ၀ါစက်မှုဇုန်မြေပဲ ရှိတယ်။ သီလ၀ါစက်မှုဇုန်မြေကလည်း စက်မှုမြို့တော် အကောင်အထည်ဖော်မယ်လို့ သတင်းထွက်တဲ့ အချိန်မှာတစ်ဧကကို ကျပ်သိန်း ၂၅၀၀ လောက်အထိ ရှိခဲ့ပေမယ့် အခုဆိုကျပ်သိန်း ၁၅၀၀ ၀န်းကျင်ပဲရှိတယ်။ အမှန်တကယ် ရင်းနှီးမြှုပ်နှံသူတွေကတော့ ၀ယ်ယူဖို့ ကြိုးစားကြပါတယ်''ဟု ယူနတီမှ ဦးဇော်ဇော်က ပြောကြားခဲ့သည်။

No comments:

Post a Comment