Thursday, August 2, 2012

ပည်သူများအတွက် လက်တွေ့အကျိုးရှိစေမှသာစီးပွားရေး ပြုပြင်ပြောင်းလဲမှုအောင်မြင်မည်Successful key to change

လက်ရှိဖော်ဆောင်နေသော ဒီမိုကရေစီ ကူးပြောင်းရေး လုပ်ငန်းစဉ်၏ စီးပွားရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ ချောမွေ့စွာ အောင်မြင်နိုင်ရေးအတွက် ပြည်သူများ၏ ဘဝကို ပိုမိုကောင်းမွန်သော ရလဒ်များ လက်တွေ့ပုံဖော်ပေးနိုင်ရန် လိုအပ်ကြောင်း ဇူလိုင် ၂၇ ရက်တွင် ထုတ်ပြန်သည့် အပြည်ပြည်ဆိုင်ရာ ပဋိပက္ခ စောင့်ကြည့်လေ့လာရေးအဖွဲ့ (ICG) ၏ မြန်မာနိုင်ငံဆိုင်ရာ ပြန်တမ်းတွင် သုံးသပ်ဖော်ပြထားသည်။ ပြည်သူများ၏ လူမှုစီးပွားဘဝအပေါ် တိုက်ရိုက်သက်ရောက်သည့် လျှပ်စစ်မီးလုံလောက်စွာ ရရှိခြင်း၊ သယ်ယူပို့ဆောင်ရေးစနစ် တိုးတက်ကောင်းမွန်လာခြင်း၊ လူဦးရေ ရာခိုင်နှုန်း ၇၀ နှင့် စပ်ဆိုင်သည့် မြေယာဥပဒေကို စနစ်တကျ ပြင်ဆင်ခြင်း၊ တယ်လီဖုန်း အသုံးပြုခများ သက်သာလာခြင်း၊ ကျန်းမာရေးနှင့် ပညာရေး ဝန်ဆောင်မှုများ စရိတ်စက သက်သာခြင်း စသည့်ရလဒ်များ ဖြစ်ပေါ်မှသာ စီးပွားရေး အပြောင်းအလဲတွင် အကျိုးကျေးဇူးရရှိသူ များပြားနိုင်မည်ဖြစ်ကြောင်း သုံးသပ်ထားသည်။ မြန်မာနိုင်ငံတွင် အစိုးရသစ် တက်လာပြီးနောက် ဆောင်ရွက်သော အပြောင်းအလဲများအနက် နိုင်ငံရေးအရွေ့သည် ခရီးတစ်ခု ရောက်ပြီဟု ဆိုနိုင်သော်လည်း စီးပွားရေး အပြောင်းအလဲမှာမူ မူဝါဒပြောင်းလဲသည့် အဆင့်တွင်သာ ရှိသေးပြီး လက်တွေ့ရလဒ် မရှိသေးကြောင်း စီးပွားရေးအသိုင်းအဝိုင်းက ဆိုသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က “ပြည်သူတွေကို အာမခံချက်တွေ ပေးနိုင်ဖို့ ပြည်သူတွေ ယုံကြည်လာအောင် စာရွက်ပေါ်မှာ လုပ်ပြတာ၊ အပြော၊ အပြကောင်းတာတွေထက် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်မှုတွေနဲ့ လုပ်ဆောင်သင့်တယ်။ ငွေကြေးစီးဆင်းမှုက လူထုကြားထဲမှာ အမှန်တကယ် စီးဆင်းဖို့လိုမယ်။ ဒီစနစ်မှာ အခုပြဿနာတွေမှာ မြေယာကိစ္စတွေက အများကြီး ဖြစ်နေတော့ မြေယာတော်လှန်ရေးတွေ လုပ်သင့်တယ်။ စီးပွားရေး လုပ်ငန်းစဉ်ကြီး တစ်ခုလုံးကို ပြန်သုံးသပ်ဖို့ လိုလိမ့်မယ်။ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးလာအောင် လုပ်ပေးဖို့လိုတယ်။ လူတိုင်း ငွေပင်ငွေရင်း စိုက်ထုတ်သုံးစွဲနိုင်မှု မရှိသေးတဲ့ ဒီလိုကာလတွေမှာ နိုင်ငံတော်အနေနဲ့ ငွေပင်ငွေရင်းတွေ စိုက်ထုတ်ပေးရမယ်။ ဒီလိုစိုက်ထုတ်ပေးဖို့ နိုင်ငံတကာရဲ့ အကူအညီတွေ လိုအပ်တယ်။ ပြည်သူတွေဘဝမှာ ဒါတွေအဆင်ပြေလာရင် ကျန်တဲ့ ပညာရေး၊ ကျန်းမာရေးတွေမှာလဲ ပိုပြီးဂရုတစိုက် လုပ်လာနိုင်မယ်။ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေမှာလဲ အောက်ခြေလူတန်းစားတွေကို ကြားနေလူတန်းစားတွေက အကူအညီပေးပြီး စောင့်ရှောက်ဖို့လိုမယ်” ဟု သုံးသပ်ပြောကြားသည်။  အထက်ပါ ICG ၏ ပြန်တမ်းတွင် ပြုပြင်ပြောင်းလဲမှုများအရ အသာစီးရခဲ့သော စီးပွားရေးသမားများအနေဖြင့် ဥပဒေအတိုင်း ယှဉ်ပြိုင်မှုများ၊ အမှန်အတိုင်း အခွန်ပေးဆောင်မှုများ၊ ယင်းတို့ကိုယ်တိုင် စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွင် မဖြစ်မနေ လိုလားစွာ ပါဝင်ဆောင်ရွက်မှုများ လုပ်လာရမည်ဖြစ်ကြောင်း ဆက်လက် သုံးသပ်ဖော်ပြထားသည်ဟု ၂၀၁၂ ခုနှစ် သြဂုတ်လ ၂ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ 
Khit Lu Nge

No comments:

Post a Comment