Tuesday, August 14, 2012

Farmers decide to start long march to Nay Pyi Tawလယ်သမားများက နေပြည်တော်သို့ သွားရောက်ဆန္ဒပြမည်


အိုးအိမ်ရုံးရှေ့ ဆန္ဒပြခဲ့ကြသည့် လယ်သမားများနှင့် ၀ါဝါ၀င်းကုမ္ပဏီအကြား ညှိနှိုင်းမှုများ သဘောတူညီမှုမရ ဖြစ်ခဲ့သည့်အတွက် လယ်သမားများက နေပြည်တော်သို့ သွားရောက်ဆန္ဒပြမည်ဖြစ်ကြောင်း ယနေ့ပြုလုပ်သော အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။

နေပြည်တော်သို့ စက်တင်ဘာ ၁၈ ရက်တွင် သွားရောက်ဆန္ဒပြရန် အပြင်ပဒံကျေးရွာ မဟာဒီပ၀ံသဘုန်းကြီးကျောင်းတွင် ယနေ့ သြဂုတ် ၁၄ ရက်က ကျင်းပသည့် အစည်းအဝေးတွင် လယ်သမားများက ဆုံးဖြတ်လိုက်ကြသည်။ လယ်သမားများသည် တစ်နိုင်ငံလုံးမှ ၎င်းတို့နှင့်ဘ၀တူ လယ်သမားများအား လာရောက်ပူးပေါင်းရန်လည်း ဖိတ်ခေါ်လိုက်သည်။ ၎င်းတို့ကိုယ်စားလှယ် ဦးဝင်းချိုကလည်း အဆိုပါ အစည်းအဝေး ဆုံးဖြတ်ချက်ကို “မလွဲမသွေလုပ်ဆောင်မှာ ဖြစ်တယ်”ဟု ပြောကြားသည်။

လှိုင်သာယာမြိ့နယ် အပြင်ပဒံ၊ အတွင်းပဒံ ကျွန်းကြီး၊ ကျွန်းကလေး ကျေးရွာများမှ လယ်သမားများက အဆိုပါ အငြင်းပွားနေသည့် လယ်မြေများအတွက် ကာလပေါက်ဈေး၏ ၁၀ ရာခိုင်နှုန်း သို့မဟုတ် လယ်မြေများ၏ ၁၀ ရာခိုင်နှုန်းကို ရလိုကြောင်း တောင်းဆိုထားခြင်း ဖြစ်သည်။ ၀ါဝါ၀င်းကုမ္ပဏီဘဏ်မှ တစ်ဧကလျှင် ကျပ်သိန်း ၃၀ နှုန်းပေးရန် အကြောင်းပြန်သည်။ ကာလပေါက်ဈေးအရ တစ်ဧက ကျပ်သိန်း ၂၀၀၀ ၀န်းကျင် ဈေးပေါက်နေသဖြင့် လက်ရှိပေါက်ဈေးအတိုင်း ဆောင်ရွက်သင့်ကြောင်း လယ်သမားများက တောင်းဆိုသည်။

စီမံကိန်းလုပ်ငန်းများအတွက် ပြည်သူအား ပြောဆိုရာတွင် ပွင့်လင်းမြင်သာမှု မရှိခဲ့ကြောင်း၊ အပေါ်ကပြောသည့် စကားလုံးများနှင့် အောက်ခြေလုပ်ရပ်များ ကွဲလွဲနေသည်ကို “ပြင်းပြင်းထန်ထန် ကွဲလွဲနေတယ်”ဟု ဦးဝင်းချိုက မှတ်ချက်ပြုသည်။

လှိုင်သာယာမြို့နယ် ကျေးရွာလေးရွာမှ လယ်သမားများသည် ၀ါဝါ၀င်းကုမ္ပဏီကို မကျေနပ်သဖြင့် မေလ ၃၀ ရက်နှင့် ဇွန်လ ၁ ရက်တို့တွင် အိုးအိမ်ရုံးရှေ့တွင် ဆန္ဒပြခဲ့ကြပြီး ဇူလိုင် ၂ နှင့် ၃ ရက်များတွင် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ အိုးအိမ်ရုံးရှေ့မှာပင် လယ်သမားဦးရေ ၄၀ ခန့်က ဆန္ဒပြခဲ့ကြသည်။
7 DAYS

No comments:

Post a Comment