Thursday, September 20, 2012

Change the playstation


နေရာပြောင်း ကစားကြဦးမည်


နွေနွေ မိုးမိုး ဆောင်းဆောင်း တစ်နှစ်ပတ်လုံး နံနက်စောစောမပျက်တမ်း လမ်းလျှောက်ဖော်အသက် (၇၀)ကျော် အဖိုးကြီးများ ကျိုက္ကဆံကွင်းအတွင်း လမ်းလျှောက်လို့အပြီးမှာ လပ်ကီးဆဲဗင်းလက်ဖက်ရည်ဆိုင်မှာ ဆုံရပ်ထားပြီးဖောင် ဖွဲ့ကြသည်။ အငြိမ်းစား ဆရာဝန်ကြီးပါသည်။တပ်မတော် အရာရှိကြီးပါသည်။ အင်ဂျင်နီယာမှူးကြီးပါသည်။ ဗဟိုစာရင်းရုံးက စာရင်းကိုင်ချုပ်ကြီးပါသည်။ အားလုံးအသက် (၇၀) ကျော် အငြိမ်းစားဝန်ထမ်းဟောင်းများဖြစ်သည်။ ၂၈.၈.၂၀၁၂ နေ့ နံနက်။

ဆရာဝန် ဒီနက်သတင်းထူးသဗျ ၊ ၀န်ကြီးအချို့နေရာပြောင်းရွှေ့လိုက်ပြီးတဲ့။ကြားပြီးကြပလား။

တပ်/ငြိမ်း (၂)ပတ်လောက်က ထွက်တဲ့သတင်း မှန်တယ်ဗျ၊ ကြားပြီးပါပြီဗျာ။

အင်/ငြိမ်း သူ့နေရာနဲ့သူ အသားကျနေတာဗျာ ၊ ရွေ့လိုက်တော့ အသစ်ပြန်လေ့လာနေရဦးမှာပေါ့။ လုပ်ငန်းကြန့်ကြာပြီးပေါ့။

စာရင်း/ငြိမ်း လေ့လာစရာမလိုပါဘူးဗျာ….ကျုပ်တို့ လူကြီးတွေက ကျရာပင်ပေါက် လုပ်တတ်ပြီးသားပါ။ အောင်မြင်တာ မအောင်မြင်တာတော့ မသိဘူး။

အင်/ငြိမ်း ခင်ဗျားတို့ ဟူစိန်ဘော့(စ်)ကိုသိလား ၊ လန်ဒန်အိုလံပစ်မှာ မီတာ ၁၀၀ – ၂၀၀ ပထမရတဲ့ အပြေးသမားလေ

စစ်/ငြိမ်း ဂျမေကာက တာတိုအပြေးသမားပါဗျာသိပါတယ်။ ကျုပ်တို့ ၀န်ကြီးတွေ ဌာနပြောင်းတာနဲ့ ဘာဆိုင်လို့လဲ။

အင်/ငြိမ်း ကမ္ဘာအမြန်ဆုံး လူသား ဟူစိန်ဘော့(စ်)က သူ့ကိုခေါ်၇င် ၊ မန်ယူဘောလုံးအသင်းမှာ ကစားချင်သတဲ့ ၊ ဒါပေမယ့် မန်ယူဆရာကြီး ဖာဂူဆန်က သူ့ကိုမခေါ်ပါဘူး။

ဆရာဝန်/ငြိမ်း အပြေးသမား နဲ့ ဘောလုံးသမား တူမယောင်ယောင် နဲ့ မတူဘူးဗျ ၊ ဒီတော့ ဘယ်ခေါ်မလဲ ၊ ဒီလိုပဲဗျ။ ရွန်းနီဟာ မန်ယူမှာ အကောင်ဆုံးဘောလုံးသမား ၊ ဖာဒီနန်ဒဏ်ရာရသွားတော့သူတို့ နောက်တန်းချပြီးမကစား ခိုင်းဘူး။ တခြားနောက်တန်းတစ်ယောက်ကို ကစားခိုင်းတယ်။

အင်/ငြိမ်း ဆရာဝန်ကြီးပြောတာမှန်တယ် ၊ ကျွန်တော်တို့ လူကြီးတွေက သူ့နေရာနဲ့သူ အသားကျနေပြီ။ အခြားတစ်နေရာရွေ့လိုက်တော့ အချို့ကျတော့လည်း အသင်းမှာ စာချုပ်မိနေတော့ ၊ သူ့နေရာမဟုတ်လည်း ထည့်သုံးရတာ လည်းရှိတာပေါ့။ လူသစ်မရှာတော့ဘူးလေ။

စစ်/ငြိမ်း စာချုပ်မိနေလို့ အသင်းက မဖယ်ခိုင်းဘဲ ၊ အခြားနေရာမှာ ကစားခိုင်းတော့ အသင်းမနာဘူးလား။ အသင်းအတွက်လည်း ကြည့်ရအုံးမယ်လေ။

အင်/ငြိမ်း သူ့နေရာမဟုတ်ပေမယ့် ၊ ကိုယ့်လူကိုယ်ထည့်သုံးတဲ့ သဘောလည်းဖြစ်နေပါဦးမယ်။

စာရင်း/ငြိမ်း ကျုပ်တို့ရွာက ဘောလုံးအသင်းလူရွေးသလိုဖြစ်နေပါဦးမယ်ဗျာ ၊ ကျုပ်တို့ရွာက ဥက္ကဌက ဘောလုံးအသင်း လူရွေးမယ် “ငါရယ် ၊ မောင်းတူရယ် ၊ ထွန်းကြူရယ် ၊ တင်ငွေကြီးရယ်….´´(စကားမဆုံးသေးဘူး) ၊ လူတစ်ယောက်က မောင်တူးနဲ့ ထွန်းကြူဆိုတာ ဘယ်သူလဲမေးတော့ ဥက္ကဌက မောင်တူးက ငါ့သား ၊ ထွန်းကြူ နဲ့ ငွေတင်ကြီးက .. ငါ့ယောက်ဖ ဆိုသလိုဖြစ်ပါဦးမယ်။

ဆရာဝန်/ငြိမ်း ခင်များတို့ကလည်း ၀န်ကြီးတွေ နေရာပြောင်းတာနဲ့ ဟူစိန်ဘော့(စ်) ၊ ရွန်းနီ ၊ ဖာဂူဆန် ၊ မောင်းတူး ၊ ထွန်းကြူ အို..စုံနေတာပဲ ၊ မဆိုင်တာတွေ မပြောကြစမ်းပါနဲ့ကွာ ၊ အသက်တွေလည်း ကြီးကြပြီ ၊ ခင်များတို့ သံမံတလင်းပေါ် အိပ်နိုင်ကြသလား …… ကဲပြော။

စစ်/ငြိမ်း ဒါဆိုလည်း လူခွဲကြပါစို့ဗျာ…….။

မောင်ချစ်(သူရဲသမိန်)

 

No comments:

Post a Comment