Thursday, October 25, 2012

Do you want to take a rest or play at the fullmoon night?


ညအခါ လသာသာ ကစားမှာလား နားမှာလား

by Ven Ravika on Thursday, October 25, 2012 at 10:14am ·

၁။ ရခိုင်ဘင်္ဂလီအရေး

ရခိုင်ဘင်္ဂလီအရေးက ကြောင်မှတ်လို့ ဆော့မိတာ ကျားကြီးဖြစ်နေတယ်။ ရိုဟင်ဂျာအမည်ခံဘင်္ဂလီများ၊ အိုအိုင်စီ၊ အစိုးရ ဖက်စပ်လုပ်တဲ့ Game Software တစ်ခုပါပဲ။ ပြဿနာဖြစ်ပွားပုံအစကို လေ့လာပါ။ အချိန်၊ နေရာနဲ့ နိုင်ငံရေးအခြေအနေအရ ဒီကစားပွဲ လိုခဲ့တယ်။ အခု ထိန်းမနိုင်သိမ်းမရ ဖြစ်ပြီ။ ဒီအကြောင်း ပေါ်ပြုလာအင်မတန်ဖြစ်လို့ အကျယ်ချဲ့ပြောစရာမလို။

၂။ ကချင်စစ်

ကချင်စစ်ကို စစ်ဖြစ်ဖြစ်ချင်း ကန့်သတ်စစ်ပွဲလို့ စာရေးသူ ဝေဖန်ခဲ့တယ်။ ဒါလည်း ကစားတာပဲ။ နယ်မြေကို အသာစီး ယူချင်လို့၊ တိုင်းရင်းသားတပ်မတော်များကို ဖိအားပေးဖို့ လိုလို့ ကစားတဲ့ပွဲပါ။ ဗမာ့တပ်မတော်အနေအထားကို ကြည့်ရင် နယ်စပ်ဒေသကို ထိန်းချုပ်ထားနိုင်ရေးနဲ့ တိုင်းရင်းသားတပ်မတော်များရဲ့ ဌာနချုပ်နဲ့ နီးနိုင်သမျှနီးအောင် ချဉ်းကပ်ထားရေး ဖြစ်တယ်။ လက်ရှိတပ်ဖြန့်ကျက်ထားမှုကို လေ့လာကြည့်ရင် စာရေးသူ မမှားကြောင်း သက်သေထူနိုင်တယ်။ ဒါဟာ စစ်ရေးအရ ကစားတဲ့ပွဲပါ။ ဒါပေမဲ့ ကချင်စစ်ကို ဆော့လို့ နဂါးမနိုးစေနဲ့။ ရေမြွေမှတ်ပြီး အမြီးကို သွားဆွဲတယ်။ နဂါးကြီး ထွက်မလာစေနဲ့။ ဒီစစ်ကနေ တပြည်လုံး မီးထတောက်နိုင်တယ်ဆိုတာ မမေ့ဖို့ပါပဲ။

၃။ စီမံကိန်းကစားပွဲများ

မြစ်ဆုံစီမံကိန်းကို ဖျက်ထားတာမဟုတ်ဘူးဆိုတာ သိကြစမ်းပါ။ သံလွင်မြစ်စီမံကိန်းတွေလည်း လာဦးမယ်။ လောလောဆယ် မုံရွာကြေးနီစီမံကိန်းပေါ့။ ဆန္ဒပြတမ်းကစားခိုင်းတယ်။ တောင်းချင်သလောက် တောင်းပါလေ။ ဒီမိုကရေစီက နုနု၊ လောကဓံက ပြင်းပြင်းဆိုပြီး အမှတ်ယူဦးမယ်။ ဒါတောင် သိမ်းထားတဲ့လယ်တွေ ပြန်မပေးသေးဘူး။ စစ်အစိုးရက သိမ်းထားတဲ့ ခြံမြေတွေကိုလည်း နိုင်ငံတော်ပိုင်၊ ခရိုနီပိုင် လုပ်ထားတုန်းပါ။ ပိုင်ဆိုင်မှုကို ကျေညာဖို့ လွှတ်တော်က ငြင်းနေတုန်းပါ။ ဒါဟာ ပြည်သူတွေနဲ့ ကစားတဲ့ပွဲ။ ဒီပွဲမှာလည်း အတက်အကျ မြန်တယ်။

ညအခါ လသာသာ

ရခိုင်တွေ၊ သံဃာတော်တွေက သမ္မတထောက်ခံပွဲ ကျင်းပတာ၊ နော်ဝေးနဲ့အမေရိကန်အပါအဝင် ကမ္ဘာ့မိသားစုတွေ အားပေးထောက်ခံတာ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ အပစ်ရပ်နိုင်တာ၊ ပြည်သူများက အစိုးရအပေါ် တစ်စုံတစ်ခုသော အတိုင်းအတာအထိ အကောင်းမြင်လာတာဟာ ညအခါမှာ လသာတာပါပဲ။ ဒီချုပ်က ၂၀၀၈ ဥပဒေကို အသိအမှတ်ပြုလို့ လွှတ်တော်ကို ဝင်ခဲ့တာဟာလည်းပဲ လသာတဲ့ပန်းချီကားတစ်ချပ်ပါ။ တိုင်းရင်းသားအဖွဲ့ပေါင်းများစွာနဲ့ အပစ်ရပ်နိုင်တာဟာလည်းပဲ မိုးတိမ်ကင်းစင်တဲ့ ညတစ်ညပါပဲ။

ကစားမှာလား နားမှာလား

ဒီအဆင့်အထိ ရောက်ခဲ့ပါရက်ကယ်နဲ့ အကျင့်ဟောင်းတွေ မဖျောက်ဘဲ နေရာတိုင်းကို စစ်ရေးအမြင်နဲ့ သွားကြည့်နေလို့ မဖြစ်တော့ဘူး။ နိုင်ငံရေးအရ၊ စစ်ရေးအရ ကစားတာကို အပြစ်မပြောလိုပါ။ ဒါဟာ နိုင်ငံရေးစစ်ရေးရဲ့ သဘောသဘာဝဖြစ်လို့ပါပဲ။ ဒါပေမဲ့ ကစားတာ သိပ်များရင် မကောင်းဘူး။ ညနက်ပြီ။ ကစားတာ တော်သင့်ပြီ။ ညနက်တဲ့အထိ ကစားရင် အကာလဖြစ်တယ်။ အကာလဆိုတော့ ကောင်းကျိုး ဖြစ်စေနိုင်မှာမဟုတ်ဘူး။ ကစားစရာပစ္စည်းတွေ သိမ်းပြီး အိပ်ရာဝင်ဖို့ ကောင်းနေပြီ။

၁။ ရခိုင်ပြည်မှာ လောလောဆယ် ရခိုင်နဲ့ ဘင်္ဂလီများကို ခွဲထားလိုက်ပါ။ တရားဝင်နေထိုင်သူများကို သတ်သတ်ထားပါ။ တရားမဝင်နေထိုင်သူများကို သတ်သတ်ထားပါ။ တရားဝင်နေထိုင်သူများကို အစိုးရအနေနဲ့ အပြည့်အဝ တာဝန်ယူပါ။ တရားမဝင်နေထိုင်သူများကို နိုင်ငံတကာအကူအညီ တောင်းခံပါ။ ပြစ်မှုကျူးလွန်သူများကို ထိထိရောက်ရောက် အရေးယူပါ။ နိုင်ငံသားများက ပြစ်မှုကျူးလွန်ရင် ဥပဒေအတိုင်း အရေးယူပြီး တရားမဝင်နေထိုင်သူများက ပြစ်မှုကျူးလွန်ရင် deportation လုပ်ပါ။

၂။ ကချင်ကနေ တပ်ကို နုတ်ပါ။ တပ်နုတ်ရမှာကို ရှက်ရင် တပ်ကို အပစ်ရပ်မပျက်ခင်ကအနေအထားအတိုင်း တပ်ကို နေမြဲ ပြန်ရွှေ့ထားလိုက်ပါ။ K.I.O.နဲ့ ဒီလကုန်တွေ့တဲ့အခါ ကတိပေးလိုက်ပါ။ ဒါမှပဲ K.I.O. အနေနဲ့ U.N.F.C. အဖွဲ့နဲ့အစိုးရ အလွတ်သဘော တွေ့တဲ့နေရာမှာ ပါဝင်နိုင်ပါလိမ့်မယ်။ အလွတ်သဘောတွေ့ဆုံတဲ့နေရာမှာလည်း နိုင်ငံရေးတွေ့ဆုံဆွေးနွေးမဲ့ကိစ္စကို အဓိကထားဆွေးနွေးပါ။ ပျားရည်နဲ့ ဝမ်းချရုံနဲ့ ရောဂါက ပျောက်မှာမဟုတ်ဘူး။

၃။ တိုင်းပြည်မှာ တည်ငြိမ်နေဖို့ လိုအပ်တယ်။ ဒီလို လိုအပ်မှန်းသိရက်နဲ့ လိုအပ်တဲ့ဥပဒေများကို မပြုဘဲ ရင်းနှီးမြှုပ်နှံမှုဥပဒေတို့ ဘာတို့ အရင်လုပ်နေလို့ မဖြစ်ဘူး။ ဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပါ။ ဒါဟာ အင်မတန်အရေးကြီးတယ်။ လယ်သမားအရေး၊ အလုပ်သမားအရေးကို ဖြေရှင်းပါ။ ဒီအရေးကို မဖြေရှင်းသေးဘဲ အခြားအရေးတွေကို ဇွတ်လုပ်မနေပါနဲ့။ ဒီချုပ်ကို ပုတ်ခတ်ချင်တာ မဟုတ်။ ဒီချုပ်က ပြည်သူပြည်သားတွေ မနာရအောင်လို့ အစိုးရနဲ့ ပေါင်းရတာပါ။ ဒီချုပ်က ပူးပေါင်းရက်သားနဲ့ ပြည်သူတွေက နာမြဲအတိုင်း နာနေရမယ်ဆိုရင် ဒီချုပ်တစ်ပါတီထဲ ရှိတာ မဟုတ်ဘူး။ ပြည်သူတွေက တောင်းဆိုလာရင် ဒီချုပ်ကလည်း နေမှာမဟုတ်ဘူး။ ၈၈ မျိုးဆက်အပါအဝင် အဖွဲ့ပေါင်းများစွာ စောင့်ကြည့်နေကြတယ်ဆိုတာ မမေ့ဖို့ပါပဲ။

 

No comments:

Post a Comment