Thursday, June 7, 2012

5000 Kyat value Phone comming soon

ရွှေပြည်တံခွန် ကုမ္ပဏီမှ ဦးလွင်နိုင်ဦး
၅ဝဝဝ ကျပ်တန်ဖုန်း ဖြစ်ပေါ်ရေးအတွက် ဇွန်လမှစ၍ အကောင် အထည်ဖော်နိုင်ရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ လေလှိုင်း လွတ်လပ်ခွင့်ရရှိရေး ကြိုးပမ်းနေသူ ရန်ကုန်အခြေစိုက် ရွှေပြည်တံခွန် ကုမ္ပဏီမှ ဦးလွင်နိုင်ဦးက ၂ဝ၁၂ ဇွန်လ ၄ ရက်နေ့၌့ ပြောခဲ့သည်။

““ပြည်သူလူထုဗဟိုပြု လူမှု စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု””ဟူသော သမ္မတကြီးမိန့်ဆိုခဲ့သည့် အတိုင်း အများပြည်သူများ သက်သက်သာသာနှင့် အသုံးပြုနိုင်ရေး၊ ဆက်သွယ်ရေးအားဖြင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်စေရေး၊ တိုင်းပြည်အတွင်း ဆင်းရဲမှုများ လျော့ကျစေရေး တို့အတွက် ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အစိုးရဘက်မှ စီမံကိန်းကို ခွင့်ပြုလိုက်မည်ဆိုပါက တောင်ပေါ်ဒေသများ၊ နယ်စပ်ဒေသများ၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော်တို့တွင် ဦးစားပေး ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးလွင်နိုင်ဦးက ပြောခဲ့သည်။

၅ဝဝဝ တန်ဖုန်းစီမံကိန်းကို ၅ နှစ်စီမံကိန်းအဖြစ် စီစဉ်ခဲ့သော်လည်း ၂ သိန်းတန်ဖုန်းကိစ္စ ပေါ်ပေါက်လာသည့်အတွက် နောက်ဆုတ်ပေးခဲ့ရာမှ ယခုအခါတွင် ၂ သိန်းတန် ဖုန်းကိစ္စသည် အကောင်အထည် ဖော်ဆောင်နိုင်ခဲ့ပြီ ဖြစ်သည့်အတွက် ၅ဝဝဝ တန်ဖုန်း ဖြစ်ပေါ်လာရန် ယခု ဇွန်လမှစ၍ ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခု ၅ဝဝဝ တန်ဖုန်းလိုင်းကို မြန်မာ့ ဆက်သွယ်ရေးလိုင်းနှင့် ဆက်စပ်မှုမရှိဘဲ သီးသန့်လိုင်းအဖြစ် ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ၅ဝဝဝ တန်ဖုန်းသည် GSM၊ CDMA၊ WCDMAတို့နှင့် ချိတ်ဆက်ပြောဆိုနိုင်မည် ဖြစ်ကြောင်း၊ သို့ပါ၍ ယခုဖုန်း ပေါ်ပေါက်လာသည့်အတွက် ဖုန်းလိုင်းများ ကျပ်ခြင်းအပေါ် အကျိုးသက်ရောက်မှု မရှိကြောင်း၊ ယင်းဖုန်းစနစ်တွင် UMTS စနစ်မျိုး ပါဝင်သည့် 3G၊ LTE နှင့် 4G စနစ်များကို ထည့်သွင်း ထုတ်လုပ်သွားမည် ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ အင်တာနက်လိုင်းကို မြန်မာ့ဆက်သွယ်ရေးဌာနက ယူဆောင်ထားသော ဖျာပုံမြို့ဘက်မှ ယူဆောင်ခြင်း မဟုတ်ဘဲ ရခိုင်ပြည်နယ် ဟာခုရွာမှ ၁၁၄ ကီလိုမီတာ ကွာဝေးသော ဘင်္ဂလားဒေ့ရှ် UKHIA ဘက်မှ လိုင်းဆွဲယူနိုင်ရန် စင်္ကာပူနိုင်ငံမှ ပညာရှင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်နေဆဲ ဖြစ်ကြောင်း ပြောကြားသည်။

၅ဝဝဝ ကျပ်တန်ဖုန်း ဖြစ်ပေါ်ရေးအတွက် မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အခြေခံသဘော ဆွေးနွေးမှုများတွင် သဘောတူညီမှုများ ရရှိခဲ့ပြီဖြစ်ကြောင်း၊ ယခုပြုလုပ် ဆောင်ရွက်နေသည့် စီမံကိန်းတွင် ကုမ္ပဏီ ၆ ခုနှင့် မြန်မာ့ဆက်သွယ်ရေးဌာနတို့ ပူးပေါင်း ဆောင်ရွက် ကြိုးပမ်းနိုင်သွားမည် ဖြစ်ကြောင်း၊ ယင်း ကုမ္ပဏီ ၆ ခု တွင် အမေရိကန်နိုင်ငံမှ အိုင်ဘီပီ အတိုင်ပင်ခံကုမ္ပဏီ တစ်ခုလည်း ပါဝင်ကြောင်း၊ ဆက် သွယ်ရေး နည်းပညာရှင်များကို အမေရိကန်နိုင်ငံမှ ပညာရှင်များ ခေါ်ယူ၍ မြန်မာတို့ ပူးပေါင်းလုပ်ကိုင်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ယင်းသို့ ဆောင်ရွက်သွားမည့် အစီအစဉ်များအား ပြည်သူတို့ သိရှိစေ နိုင်ရန်အတွက် သတင်းစာရှင်းလင်းပွဲများကို မကြာခဏ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခု ဇွန်လတွင်လည်း ယင်းကိစ္စနှင့်ပတ်သက်၍ သတင်းစာဆရာ၊ ဆရာမများအား ခေါ်ယူရှင်းလင်း အသိပေး သွားမည်ဖြစ်ကြောင်း၊ တယ်လီဖုန်း ရင်းနှီးမြှုပ်နှံမှုများကို နှစ်တိုစီမံကိန်းအနေဖြင့် မပြုလုပ်ဘဲ လျှပ်စစ်နှင့် ရေအားကဲ့သို့ နှစ်ရှည်စီမံကိန်း တစ်ရပ်အနေနှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆက်သွယ်ရေး ကောင်းမွန်ပါက အစစအရာရာ အဆင်ပြေ ချောမွေ့သွားနိုင်မည်ဖြစ်ကြောင်း ရွှေပြည်တံခွန်မှ ဦးလွင်နိုင်ဦးက ဆက်လက်ပြောပါသည်။

No comments:

Post a Comment