Friday, June 8, 2012

The update situation in Arakan State




(အောက်မှ အထက်သို့ သတင်းဖြစ်စဉ်များ အစဉ်လိုက် တင်ဆက်ထားပါသည်။)


Muslim leaders talk to protesters near Sule Pagoda in Rangoon on June 5. (Photo: Reuters)

မောင်တောမြို့တွင် ပစ်ခတ်မိန့်ပေးလိုက်ပြီ

ညနေ ၅ နာရီ ၁၅ မိနစ်၊ ဇွန်လ ၈ ရက်၊ ၂၀၁၂၊ YPI


ယနေ့ နေ့လည်ပိုင်းက စတင်သည့် မောင်တောမြို့ ရပ်ကွက်နှင့် ကျေးရွာများတွင် ဖြစ်ပွားသည့် မငြိမ်မသက်မှုများကို ထိန်းသိန်းရန် ရဲတပ်ဖွဲဝင်များ ပြီးခဲ့သည့် မိနစ်ပိုင်းက စတင်ပစ်ခတ်နေကြပြီဟု မြို့ခံတဦးက YPI သို့ ပြောသည်။

ရဲနှင့် ဘေးကင်းရာသို့ ရွှေ့ပြောင်းသည့် လူအုပ်ကို ဒေါ်လာရောင်းဝယ်သူ ဇော်ဟိန်းဆိုသူ၏ တိုက်အိမ် ၃ ထပ်မှ စတင်ပစ်ခတ်သည့်နောက် ရဲများက ၎င်းတို့အား ပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မောင်တောမြို့ပေါ်တွင် ဒေါ်လာရောင်းဝယ်သူ ဇော်ဟိန်း၏ နေအိမ်သုံးထပ်ပေါ်မှ လူအင်အား ၁၀ ဦးခန့်ဖြင့် လူအုပ်ထဲသို့ သေနတ်ဖြင့် ပစ်ခတ်နေခြင်း ဖြစ်သည်ဟုလည်း မောင်တောမြို့ခံက ပြောသည်။

မောင်တောနှင့် ဘူးသီးတောင်အကြား ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်တွင် လက်နက်များ သိုဝှက်ထားသည့် သတင်းများ ယခင်ကတည်းက ရရှိထားသည်ဟု ဘူးသီးတောင်အခြေစိုက် တပ်ရင်းတရင်းမှ အမည်မဖော်လိုသူ တပ်အရာရှိတဦးက ပြောသည်။ ယခုပစ်ခတ်မှုများမှာ ယင်းလက်နက်သိုဝှက်ထားမှုနှင့် ဆက်စပ်ခြင်း ရှိမရှိ မသိရှိရပါ။

ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူများလည်း ရှိပြီး မောင်တောဆေးရုံသို့ တင်ပို့ထားရသည်ဟု သိရသည်။ ဒဏ်ရာရသူအရေအတွက်ကိုမူ မသိရှိရသေးပါ။


လူမျိုးရေးအကြမ်းဖက်မှုနှင့် ဆက်နွယ်နေသည့် အခြားအဖြစ်အပျက်တခုမှာ မောင်တောမြို့ရှိ ဆရာဝန်ဖြစ်သူ ဒေါက်တာဦးခင်မောင်လတ်နှင့် ဇနီးဖြစ်သူအား ဘင်္ဂါလီလူမျိုး အိမ်ဖော်ဖြစ်သူက ဓားနှင့် ထိုးသဖြင့် ဇနီးဒေါ်သန်းသန်းရင်မှာ သေဆုံးသွားပြီး ဒေါက်တာဦးခင်မောင်လတ်အား ဆေးရုံသို့ တင်ပို့ထားရသည်ဟုလည်း မောင်တောမြို့ခံက ပြောသည်။ ။

မီးရှို့ခံရသည့် ကျေးရွာ ၁၄ ရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များ အမြန်ဆုံး ကာကွယ်ပေးဟု ဆို

ဇွန်လ ၈၊ ၂၁၁၂၊ YPI


“မီးရှို့ခံရသော ရခိုင်ရွာ ၁၄ ရွာကိုလည်း လုံခြုံရေးတပ်ဖွဲ့များဖြင့် အမြန်ဆုံး ကာကွယ်မှုပေးနေပါသည်။” ဟု
နိုင်ငံတော်သမ္မတရုံမှ အရာရှိတဦးဖြစ်သူ မှူးဇော်က ၎င်း၏ ဖေ့စ်ဘွတ်တွင် မောင်တောအရေးနှင့် ပတ်သက်ပြီး အစိုးရက ကိုင်တွယ်ဆောင်ရွက်နေပုံကို အထက်ပါအတိုင်း ဖေါ်ပြထားသည်။

ကြားဖြတ်သတင်း - နောက်ဆုံးရ မောင်တောမြို့ အခြေအနေ

ညနေ ၄ နာရီ၊ ဇွန် ၈၊ ၂၀၁၂၊ YPI



မောင်တောမြို့အခြေအနေကို ယင်းမြို့ ဗိုလ်မှူးရွာမှ အသက် ၄၀ ၀န်းကျင် ရခိုင်အမျိုးသမီးတဦးက ပြောပြရာတွင် မြို့လည် သဇင်တည်းခိုခန်း မီးလောင်ကျွမ်းသွားကာ ယူနိုက်တက်တည်းခိုခန်းမှာ မီးရှို့ရန် ကြိုးစားသော်လည်း မီးမလောင်ဘဲ ဖျက်ဆီးခံလိုက်ရသည်ဟု ဆိုသည်။

အချို့ရပ်ကွက်များတွင် လူနေအိမ်များ မီးရှို့ခြင်း၊ ရွှေထည်ပစ္စည်းများ လုယူခြင်းများ ရှိနေသဖြင့် ၎င်းအနေဖြင့် လုံခြုံသည့်နေရာတွင် ယခုလောလောဆယ် ပုန်းရှောင်နေရကြောင်း၊ ရဲစခန်းနှင့် နီးသည့်နေရာ ရခိုင်လူမျိုးများသည့် နေရာများတွင် စုစည်းနေထိုင်နေကြသည်ဟု ၎င်းက ပြောသည်။

မောင်တောမြို့မှ စံပြရွာလည်း ဖျက်ဆီးခံရသည့်အထဲတွင် ပါဝင်ကြောင်း၊ ယခုအကြမ်းဖက် ပစ္စည်းလုယူခြင်းများကို ရဲများအနေဖြင့် ပစ်ခတ်နှိမ်နှင်းခြင်း ပြုသည်ကို မတွေ့ရဘဲ သေနတ်မိုးပေါ်ထောင်ဖောက်ကာ လူစုခွဲခြင်းမျိုးသာ တွေ့မြင်ရသည်ဟု ဆိုသည်။
အထက်မှ ပစ်မိန့်မပေးသေးကြောင်းလည်း သိရသည်။

ဘူးသီးတောင်မြို့အနီးရှိ စစ်တပ်ရင်းတခုမှ အရာရှိတဦးက ၎င်းတို့တပ်ဖွဲ့များကို အနီရောင် အဆင့်အသင့်အနေအထားဖြင့် တပ်လှန့်ထားကြောင်း၊ အကြမ်းဖက်မှုများကို နှိမ်နှင်းခြင်းထက် ယခုလိုလူမျိုးရေး အဓိကရုဏ်းများ ဖြစ်ပွားခြင်းကြောင့် တဘက်နိုင်ငံမှ စစ်တပ်များ ၀င်ရောက်လာနိုင်သည့် အနေအထားအတွက် တပ်လှန့်ထားခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

နောက်ထပ်ရရှိသည့် သတင်းများအရ ဗိုလ်မှူးရွာတွင် လူနေအိမ် ၁၅ လုံး မီးလောင်ကျွမ်းခံရပြီး ၃ ဦး အသတ်ခံရသည်ဟု သိရှိရသည်။ သေဆုံးမှုသတင်းကို သီးခြားအတည်မပြုနိုင်သေးပါ။

မောင်တောမြို့လူဦးရေ၏ ၉၈ ရာနှုန်းနှင့် ဘူးသီးတောင်မြို့ လူဦးရေ၏ ၉၀ ရာနှုန်းမှာ အစ္စလာမ်ဘာသာဝင် ဘင်္ဂလီလူမျိုးများ ဖြစ်သည်။

နိုင်ငံတော်သမ္မတရုံးမှ အရာရှိတဦးဖြစ်သူ ကလောင်အမည် မှူးဇော်၏ ကိုယ်ပိုင် ဖေ့စ်ဘွတ်စာမျက်နှာတွင် ယခုအဖြစ်အပျက်နှင့်ပတ်သက်၍ အစိုးရက ကိုင်တွယ်ဆောင်ရွက်နေပုံကို “နိုင်ငံတော်အစိုးရအနေဖြင့် ယင်းသို့ ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ သက်ရောက်မှုများကို ဖြေရှင်းနိုင်ရန် အမြန်ဆုံး ဆောင်ရွက်လျက်ရှိပါသည်။

ထိန်းမနိုင်သိမ်းမရ အနေအထားမျိုး မဖြစ်စေရန် လုံလောက်သော လုံခြုံရေးတပ်ဖွဲ့များဖြင့် အချိန်မီ ထိန်းသိမ်းဆောင်ရွက်နိုင်ရေး အထူးအလေးထား ဆောင်ရွက်လျက်ရှိနေပါသည်။

မိဘပြည်သူများ စိတ်အေးအေးထားကြပါရန်နှင့် သက်ဆိုင်သော နီးစပ်သူများကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းကြရန် တိုက်တွန်းကြစေလိုပါသည်” ဟု ဖော်ပြထားသည်ကို တွေ့ရသည်။ ။

မောင်တော၊ ဘူးသီးတောင်နှင့် စစ်တွေမြို့များ၌ မငြိမ်မသက်မှု ဖြစ်ပွားနေ

ဇွန် ၈၊ ၂၀၁၂၊ YPI


ရခိုင်ပြည်နယ် နယ်စပ်မြို့ ဘူးသီးတောင်၊ မောင်တောမြို့နှင့် ပြည်နယ်မြို့တော် စစ်တွေမြို့များတွင် လူမျိုးရေးပဋိပက္ခကို အခြေခံသည့် မငြိမ်သက်မှုများ ဖြစ်ပွားနေသည်ဟု မောင်တောနှင့် စစ်တွေတို့မှ လာသည့်သတင်းများအရ သိရှိရသည်။

မောင်တောမြို့တွင် မြို့အချက်အချာကျသည့် မြို့တော်ခန်းမအနီးရှိ လူနေအိမ်များနှင့် ဘာသာရေး အဆောက်အဦအချို့ ဖျက်ဆီးခံရခြင်း၊ မီးရှို့ခံရခြင်းများရှိကာ လူစုလူဝေးများဖြင့် ဈေးဆိုင်နေအိမ်များကို ဖျက်ဆီးခြင်းများ ရှိနေသည်ဟု ယင်းမြို့ခံတဦးက ပြောသည်။

ရဲတပ်ဖွဲ့ဝင်လုံခြုံရေးများက သေနတ်မိုးပေါ်ထောင်ဖောက်ကာ လူစုလူဝေးကို ခွဲရန် ကြိုးစားသော်လည်း သိသိသာသာ အောင်မြင်မှုမရသေးကြောင်းလည်း သိရသည်။

ဘူးသီးတောင်မြို့တွင်မူ ယနေ့နံနက်ပိုင်းက ဆူပူအကြမ်းဖက်ရန် လူစုလူဝေးနေသဖြင့် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး အသုံးပြုကာ လူစုခွဲခဲ့ရသည်ဟု မောင်တောမြို့ခံက ဆိုသည်။

မောင်တောတွင် စစ်တပ်ကိုလည်း အသင့်အနေအထားဖြင့် တပ်လှန့်ထားသည်ဟုလည်း ၎င်းက ပြောသည်။
စစ်တွေမြို့တွင်မူ မင်းဂံရပ်ကွက်ရှိ ရခိုင်လူမျိုးများပိုင် ဆိုင်အချို့ ယနေ့နေ့ခင်းပိုင်းက ဖျက်ဆီးခံရသည်ဟု စစ်တွေမှလာသည့် သတင်းများအရ သိရှိရသည်။ ။

ရခိုင်ပြည်နယ် မောင်တောမြို့၌ အခြေအနေ တင်းမာ

ဇွန်လ ၈ ရက်၊ ၂၀၁၂၊ YPI


ရခိုင်ပြည်နယ် ဘင်္ဂလားဒေ့ရှ်နယ်စပ်မြို့ဖြစ်သည့် မောင်တောမြို့၌ လူမျိုးရေးအဓိကရုဏ်းဖြစ်မည့် အရိပ်အယောင်များ ဖြစ်ပေါ်နေသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စစ်တပ်က အခြေအနေကို ထိန်းသိမ်းရန် ကြိုးစားနေကြောင်း လမ်းပေါ်တွင် စုဝေးနေသည့် ရာနှင့်ချီသည့် လူထုကို လူစုခွဲရန် ပြောဆိုသော်လည်း သတင်းရရှိချိန်ထိ စုဝေးနေဆဲဖြစ်သည်ဟု မောင်တောမှ လာသည့် သတင်းများအရ သိရှိရသည်။
From Dr Lwan Swe Blog



No comments:

Post a Comment