Friday, June 22, 2012

62 death already in Rakhaing State



ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အဓိကရုဏ်းများ၌ သေဆုံးသူအရေအတွက် ၆၂ ဦးရှိခဲ့ပြီ

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများ၌ သေဆုံးသူ အရေအတွက်မှာ ဇွန်လ ၂၁ ရက်နေ့ အထိ ၆၂ ဦးရှိခဲ့ပြီဖြစ်ကြောင်း သိရှိရပါသည်။
ယင်းနှင့် ပတ်သက်ပြီး "ဘယ်သူဘယ်နှစ်ဦး သေတယ်ဆိုတာ ပြောဖို့ ခက်တယ်။ နိုင်ငံပိုင် သတင်းစာထဲမှာလည်း ပါပြီးသား ဖြစ်တဲ့အတွက် သတင်းစာမှာပါတာ အတည်ဖြစ်ပါတယ်။ အရင်က သတင်းစာမှာ ပါပြီးတာက ၅၀ ဦးဆိုတော့ အခု ၁၂ ယောက်ထပ် တိုးတယ်ဆိုတော့ ၆၂ ဦးဖြစ်သွားပြီးလို့ ပြောလို့ရပါတယ်'' ဟုလည်း ရခိုင်ပြည်နယ် ဥပဒေအရာရှိချုပ် ဦးလှသိန်းက သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ပါသည်။

ဘူးသီးတောင် ကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေသူတစ်ချို့ကို မိမိနေရပ်သို့ ပြန်လည်ပို့ဆောင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။ ၄င်းတို့သည် ဘူးသီးတောင်မြို့နယ်အတွင်းတွင် မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာများမရှိသော်လည်း ဘင်္ဂလီများ၏ အကြမ်းဖက်မှု့ကို စိုးရိမ်သဖြင့် ရွာကို စွန့်ခွာပြီး ဘူးသီးတောင်မြို့သို့ ရောက်လာကြသူများ ဖြစ်ကြောင်းသိရသည်။
"အခု ကယ်ဆယ်ရေးစခန်းတွေကို ရောက်လာသူတွေထဲက ရွာဖျက်မခံရတဲ့သူတွေကို ဦးစွာပြန်လည် ပို့ဆောင်တာဖြစ်ပါတယ်။ ရွာဖျက်ခံရတဲ့သူတွေကိုတော့ နေအိမ်ဆောက်လုပ်ပေးပြီးမှ ပြန်လည်နေရာ ချထားနိုင်မှာဖြစ်ပါတယ်။ ဘူးသီးတောင်မြို့နယ်မှာတော့ ရွာကို စွန့်ခွာလာသူတွေများပြီးတော့ မောင်တောမြို့နယ်အတွင်းမှာတော့ ရွာကို မီးရှို့ဖျက်ဆီးခံရသူတွေ များပါတယ်။" ဟု ဘူးသီးတောင်မြို့မှ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသူတစ်ဦးကပြောသည်။

ရွေးကောက်ပွဲကော်မရှင်မှ ရခိုင်ပြည်နယ်ရှိ အချို့သောဒေသများတွင် ဆူပူအကြမ်းဖက်မှုများကြောင့် ဒေသခံပြည်သူများ အိုးအိမ်စွန့်ခွာထွက်ပြေးရခြင်း ဖြစ်စဉ်များနှင့် နိုင်ငံတော်၌ လျပ်စစ်မီး ပြတ်တောက်မှုအတွက် ဆန္ဒပြပွဲများ၊ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုများကြောင့် သပိတ်မှောက်ဆန္ဒပြမှု ဖြစ်စဉ်များတွင် နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် နိုင်ငံရေးပါတီဝင်အချို့တို့က လူထုနှင့် ထိတွေ့ဟောပြောခြင်း မီဒီယာများနှင့် တွေ့ဆုံပြောကြားခြင်း၊ ပါတီသဘောထား ထုတ်ပြန်ကြေညာခြင်း စသည့် လုပ်ဆောင်မှုများနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ နိုင်ငံရေးပါတီများသို့ ၂၀၁၂ ခုနှစ် ဇွန်လ ၁၈ ရက် နေ့စွဲဖြင့် အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။
အဆိုပါ အကြောင်းကြားစာတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၆ အရ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရေး၊ လူမျိုးရေး သို့မဟုတ် ဘာသာရေး သို့မဟုတ် လူတစ်ဦးချင်း သို့မဟုတ် လူအများနှင့် ပတ်သက်၍ ပဋိပက္ခ ဖြစ်ပေါ်စေနိုင်သည့်သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ရေးသားမှု၊ ဟောပြောမှု သို့မဟုတ် စည်းရုံးလှုံ့ဆော်မှုမပြုလုပ်ရေး၊ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားမပြုလုပ်ရေး၊ နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အစိုးရ သို့မဟုတ် ဘာသာရေး အဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့ အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ် တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့ကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူ သုံးစွဲခြင်း သို့မဟုတ် ယင်းတို့၏ သြဇာခံယူခြင်း မပြုရေး ဟူသော အချက်များကို နိုင်ငံရေးပါတီတစ်ရပ်သည် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးရန် လျောက်ထားစဉ်ကပင် စောင့်ထိန်းလိုက်နာမည် ဖြစ်ကြောင်း ၀န်ခံချက်ပြုထားပြီးဖြစ် သည်ဟု ဖော်ပြထားသည်။

No comments:

Post a Comment