Tuesday, June 26, 2012

Cooking oil industries in Myanmar will end soon


·         မန်မာနိုင်ငံ ရှိ ဆီစက်များအားလုံး မကြာမီ ထုတ်လုပ်မှု ရပ်ဆိုင်းသွားဖွယ်ရှိ

ရန်ကုန်၊

မြန်မာနိုင်ငံ ရှိဆီစက်များ အားလုံး လာမည့် ဇူလိုင်လအတွင်း ကုန်ကြမ်းအခက်အခဲကြောင့် ထုတ်လုပ်မှု ရပ်ဆိုင်းသွားဖွယ်ရာရှိကြောင်း အထက်မြန်မာပြည် ဆီကုန်သည်များအသင်း ဥက္ကဌ ဦးကိုကြီး က ပြောကြားသည်။

မြေပဲဆန်ကုန်ကြမ်းပြတ်လပ်သွားသည့် အတွက် မြေပဲဆန်ကုန်ကြမ်းအဓိကထွက်ရှိရာ ဈေးကွက်တစ်ခုဖြစ်သော မန္တလေးတိုင်းဒေသကြီး အပါအ၀င် မြန်မာတစ်ပြည်လုံးရှိ ဆီစက်လုပ်ငန်း ၉၀ရာခိုင်နှုန်းခန့် လုပ်ငန်းရပ်ဆိုင်းလျက်ရှိကြောင်း ၎င်း က ဆက်လက်ပြောကြားသည်။

မြေပဲဆန် တရားဝင် တင်ပို့ခွင့် ပြုပြီးနောက်ပိုင်း တရုတ်စီးပွားရေးလုပ်ငန်းရှင်များ သည် မြန်မာမြေပဲဆန်များကို ပြည်တွင်း ဆီစက် လုပ်ငန်းရှင်များ မလိုက်နိုင်သည့် ဈေးများပေးကာ အပြိုင် ၀ယ်ယူခဲ့ကြောင်း ၊ တရုတ် လုပ်ငန်းရှင်များသည် ပထမပိုင်းတွင် မြေပဲလုံးဆန်များကိုသာ ရွေးချယ် ၀ယ်ယူခဲ့သော်လည်း နောက်ပိုင်း၌ ဆီစက်လုပ်ငန်းများ ၏ အဓိက ကုန်ကြမ်း မြေပဲဆီဆန်များကိုပါ လိုက်လံ ၀ယ်ယူခဲ့ရာ ဈေးကွက် အတွင်း ၌ မြေပဲကုန်ကြမ်း လုံးဝ ပြတ်လပ်သွားပြီ ဖြစ်သည့်အတွက် မန္တလေးတိုင်း ဒေသကြီး ၌ ပန်းနှမ်း နှင့် နှမ်းဆီကြိတ်သည့် စက်များသာ လည်ပတ်မှု ရှိတော့ကြောင်း ဦးကိုကြီး က ပြောကြားသည်။

သူတို့ လုံးဆန်ဝယ်တဲ့အချိန်မှာ ပြည်တွင်း က ပထမတန်းစားစက်တွေ က သူတို့ နဲ့ အပြိုင် လိုက်ဝယ်လိုက်သေးတယ်။ ကျန်တဲ့ စက်တွေကတော့ သူတို့မ၀ယ်တဲ့ ရွေးကျ နဲ့ ဆီဆန်ကိုပဲ ၀ယ်သုံးရတာပေါ့။ နောက်ပိုင်း ဆီဆန်တွေပါ လိုက်ဝယ်လာတော့ ရွေးကျတောင် ထွက်မလာတော့ဘူး။ မန္တလေး လို ကုန်ကြမ်း အဓိက ထွက်တဲ့နေရာတောင် လွန်ခဲ့ တဲ့ တစ်လလောက်ကတည်းက စက်တွေ ရပ်သွားတာ ။ နောက်လ ဆိုရင်တော့ ဆီစက်အားလုံး ရပ်ပြီ။ ဟု ဦးကိုကြီး က ဆိုသည်။

မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများတွင်လည်း ဆီစက်အားလုံး နီးပါးခန့် လည်ပတ်မှု ရပ်ဆိုင်းလျက်ရှိရာ စက်ငယ်ပြီး ကုန်ကြမ်းသိုလှောင်မှု အားကောင်းသည့် လုပ်ငန်းငယ်အချို့သာ စက်လည်ပတ်မှုရှိတော့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအခြေစိုက် ဧရာဝတီမြေပဲဆီစက်လုပ်ငန်းရှင် ဦးခင်စိုး က ပြောကြားသည်။

ပြည်တွင်းပဲဈေးကွက်များအတွင်း မြေပဲဆန် ကုန်ကြမ်းပြတ်လပ်သွားသည့်အတွက် ဆီဈေးကွက် ၌ မြေပဲဆီပေါက်ဈေးသည် မေလ ဒုတိယပတ်ခန့် က တစ်ပိဿာ ကျပ် ၄,၀၀၀ကျပ်ခန့် ဈေးပေါက်ခဲ့ရာ မှ တဖြည်းဖြည်းမြင့်တက်လာရာ ဇွန်လ တတိယပတ် ခန့် က မြေပဲဆီ တစ်ပိဿာ ပေါက်ဈေးသည် ၄,၇၀၀ ကျပ် ခန့်ထိ ဈေးမြင့်တက်လာကြောင်း ၊ လက်ရှိကြုံတွေ့နေရသည့် ကုန်ကြမ်းအခက်အခဲများသည် လာမည့် သြဂုတ်လပိုင်း မြေပဲသစ်ပေါ်ချိန်ရောက် မှသာ ပြေလည်သွားနိုင်ကြောင်း ဦးခင်စိုးကပြောကြားသည်။

မြန်မာ နိုင်ငံ တစ်ဝှမ်းလုံးတွင် ပိဿာ ၁၁၀ ပါ ဆီ ၂ ပီပါ မှ ပီပါ ၂၀၀ ကျ ဆီစက်ပေါင်း ၃,၀၀၀ခန့်ရှိကြောင်း ဆီစက်လုပ်ငန်းရှင်များ ထံမှစုံစမ်းသိရှိရသည်။

မြေပဲဆန် အပါအ၀င် ဆီထွက်သီးနှံ အချို့ ကို ပြီးခဲ့သည့် ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာနှစ် အတွင်း က ပြည်ပသို့ တရားဝင် တင်ပို့ခွင့်ပြုခဲ့ကြောင်း ၊ မြန်မာနိုင်ငံ ၏ တစ်လ စားသုံးဆီ လိုအပ်ချက်သည် တန်ချိန် ငါးသောင်းခန့် လိုအပ်မှုရှိရာ ပြည်ပ မှ စားအုန်းဆီ တန်ချိန် သုံးသောင်းခန့် တင်သွင်းပြီး ကျန် တန်နှစ်သာင်းကို ပြည်တွင်း မြေပဲဆီ ၊ နှမ်းဆီ နှင့် တရားမ၀င် ၀င်ရောက်လာသည့် ဆီများကို သုံးစွဲရလျက် ရှိကြောင်း ပြည်တွင်း ဆီဈေးကွက် အတွင်း မှ စုံစမ်း သိရှိရသည်။

Top of Form



No comments:

Post a Comment